Monday, September 17, 2012
သူငယ်ပြန်သူအား စောင့်ရှောက်ရာတွင်
အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းအား နည်းခြင်း (Dementia) နဲ့ သက်ကြီး အတိတ်မေ့ရောဂါ (Alzheimer) တို့ကို အရပ်ထဲမှာ သူငယ်ပြန်တယ်လို့ ဆိုကြပါတယ်။ သူငယ်ပြန်တာဟာ အသက်ကြီးသူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အသက်ကြီးသူတိုင်းတော့ မဖြစ်တတ်ကြပါဘူး။ သူငယ်ပြန် နေသူတွေမှာ ပုံမှန်ဆင်ခြင်နိုင်စွမ်းမရှိတဲ့အတွက် သူတို့ကို ပြုစုစောင့်ရှောက်ရာမှာစိတ်ရှည်ရှည် ထားရပါမယ်။ ကရုဏာ၊ မေတ္တာအပြည့်ထားနိုင်ရပါမယ်။ သူတို့တွေရဲ့ ဘဝမှာ သက်သောင့်သက်သာရှိဖို့နဲ့ စိတ်ချမ်းသာ ဖို့ဟာ ပြုစုစောင့်ရှောက်ပေးသူအပေါ်မှာ မူတည်နေတာကြောင့် ဖြစ်ပါတယ်။
အားမလိုအားမရ မဖြစ်ပါနှင့်
သူငယ်ပြန်နေသူဟာ စိုးရိမ်ကြောင့်ကြမှု၊ ရန်လိုမှုနဲ့ အလိုမကျမှုတို့ကို ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရတတ်တဲ့အတွက် သင့်အနေနဲ့ ဒီလိုဖြစ်ရကောင်းလားဆိုပြီး အားမလိုအားမရ ဖြစ်နေနိုင်ပါတယ်။ အဲဒီလို မဖြစ်ရလေအောင်. . . .
၁။ အချိန်ဇယားထားပါ
နေ့စဉ် ထမင်းစားချိန်၊ ရေချိုးချိန်၊ အိပ်ချိန်၊ ဆေးသောက်ချိန်၊ ဆရာဝန်နဲ့ ပြသချိန်ဆိုပြီး အချိန်ဇယား တစ်ခုထားရှိပါ။ ဒါဆိုရင် အချိန်တိုင်း သဘောတူပြီး လိုက်နာလုပ်ဆောင် တတ်ပါတယ်။
၂။ အချိန်ယူပါ
နေ့စဉ် လုပ်ဆောင်မှုတွေကို အလေ့အထတစ်ရပ်လို ဖြစ်ဖို့ လိုအပ်တာထက် အချိန်ပိုယူရပါလိမ့်မယ်။ သူ့ကိုလောနေစရာမလိုအောင် အလုပ်တစ်ခုစီအတွက် အချိန်ပိုပေးထားပါ။
၃။ လိုက်လျောပါ
သင် ပြုစုနေသူဟာ ပုံမှန်လုပ်ဆောင်မှုတွေ ဆောင်ရွက်ရာမှာ အကူအညီ အနည်းငယ်သာ ယူချင်တယ်ဆိုရင် လိုက်လျောလိုက်ပါ။ ဥပမာ - အဝတ်အစား ဝတ်ရာမှာ သူ့ဘာသာသူ ဝတ်ဆင်ချင်တယ်ဆိုရင် ဝတ်ခွင့်ပေးလိုက်ပါ။
၎။ ရွေးချယ်စရာ နည်းအောင်လုပ်ပါ
ရွေးချယ်စရာ နည်းလေလေ၊ ဆုံးဖြတ်ရတာ လွယ်ကူလေလေပါပဲ။ အဝတ်အစားလဲချင်တယ်ဆိုရင် အဝတ်ဗီရိုတစ်ခုလုံးပြမယ့်အစား ဝတ်စုံ နှစ်စုံထဲကနေ တစ်စုံကို ရွေးခိုင်းပါ။
၅။ လွယ်ကူသော လမ်းညွှန်ချက်ကိုသာ ပေးပါ
သူ့ကို တစ်စုံတစ်ရာ လုပ်စေချင်တဲ့အခါ တစ်ချိန်မှာ တစ်ချက်ကိုသာပြောပြီး လုပ်ခိုင်းပါ။ လမ်းညွှန်ချက်တွေများရင် စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်။
၆။ အနှောင့်အယှက်ကင်းအောင် ထားပါ
ထမင်းစားချိန်နဲ့ စကားပြောနေစဉ်မှာ သူလုပ်နေတဲ့ အလုပ်အပေါ် အာရုံစိုက်နိုင်အောင် တီဗီပိတ်ထားပါ။
လိုက်လျောညီထွေ ရှိပါစေ
သူ့ရဲ့ အာရုံစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်းအားဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း နိမ့်ကျလာနိုင်ပါတယ်။ သူ့ရဲ့ အခြေအနေပေါ် မူတည်ပြီး ပုံမှန်အလေ့အထတွေကို လိုက်လျောညီထွေရှိအောင် ပြင်ဆင်ပါ။ ဥပမာ - အရင်က သူကြိုက်ခဲ့တဲ့ အစားအသောက်တွေ ငြင်းဆန်လာခဲ့ရင် အစားအသောက်ကို ပြောင်းလိုက်ပါ။
ပတ်ဝန်းကျင် လုံခြုံပါစေ
သူ့အတွက် အန္တရာယ်ကင်းဖို့ဆိုရင် -
• လဲမကျအောင် ဂရုစိုက်ပါ။
• ဆေးဘူး၊ အရက်၊ အဆိပ်ရှိတဲ့ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အန္တရာယ်ရှိတဲ့ ပန်းကန်ခွက်ယောက်တွေ၊ ဓား၊ ကတ်ကြေးနဲ့ မီးခြစ် စတာတွေကို သေချာ သော့ခတ်ကာ အလုံပိတ်ထားပါ။
• ရေချိုးချိန်မှာ ရေနဲ့အပူချိန်ကို စစ်ဆေးပါ။ ရေက ပူလွန်းနေရင် အရေပြားကို အပူလောင်စေနိုင်ပါတယ်။
• အရေးပေါ် ဆေးသေတ္တာဆောင်ထားပါ။
မေတ္တာထားကာ ဂရုစိုက်ပါ
သူငယ်ပြန်တဲ့သူကို ပြုစုရာမှာ ကလေးတစ်ယောက်ကို ပြုစုသလို ချစ်ခြင်းမေတ္တာနဲ့ ကရုဏာရှေ့ထားကာ စောင့်ရှောက်ပါ။ သူတို့ပြောချင်တာကို ပြောပါစေ။ သူတို့လုပ်ချင်ရာကို လုပ်ပါစေ။ ဘေးကင်းအောင်သာ အနားကနေ စောင့်ကြပ်ပေးပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment